လင်းမြွေကြီးနှင့် မိန်းမပျို - ထီးကလေး စာပေ

Random Posts

test banner

Post Top Ad

Responsive Ads Here
လင်းမြွေကြီးနှင့် မိန်းမပျို

လင်းမြွေကြီးနှင့် မိန်းမပျို

Share This
လင်းမြွေကြီးနှင့် မိန်းမပျို
ဖြစ်ရပ်မှန်
စာရေးသူ ထီးကလေး
(ရင်နှင့်ရင်း၍ရေးသားသည်။)

          ဧရာဝတီတိုင်းဒေသကြီး၊ ဝါးခယ်မမြို့၊ ရေကျော် ကျေးရွာလေး တွင်ဖြစ်သည်။ ထိုကျေးရွာလေးတွင် စိုက်ပျိုးလေးလုပ်ငန်းများဖြင့် အသက်မွေးဝမ်းကျောင်း ပြုလုပ်ကြလေပြီး အများစုမှာ စံပါးစိုက်ပျိုး ကြခြင်း ဖြစ်ပါသည်။ ထိုကျေးရွာလေးတွင် ကျွန်ုပ်ဖခင်နှင့်အစ်ကိုကြီး တော်စပ်သူ ဦးမြင့်ထွေးဟူသည့် ကျွန်ုပ်နှင့် ဘကြီးတော်စပ်သူ မိသားစုများမှာ နေထိုင်လျက်ရှိပါသည်။

ကျွန်ုပ်သည် ဂမ္ဘီရနှင့် ပရလောက ဖြစ်ရပ်ဆန်းများအား ရေး သားနေသည့် စာရေးဆရာတစ်ဦး ဖြစ်သည်အားလည်း ကျွန်ုပ်နှင့် မောင်နှမဝမ်းကွဲ၊ ညီအစ်ကိုဝမ်းကွဲ တော်စပ်ကြသည့် ဘကြီး၏ သား သမီး များမှာ သိရှိထားခဲ့ကြလေသည်။ ထို့ကြောင့် ရန်ကုန်မှနေ၍ ဝါးခယ်မမြို့ဆီသို့ ကျွန်ုပ်သွားရောက်လည်ပတ်ပြီ ဆိုလျင် ညီအစ်ကို မောင်နှမများမှာ ထိုသူတို့၏ ကျေးရွာလေးအတွင်း၌ သို့မဟုတ် ထိုသူတို့၏ ပတ်ဝန်းကျင် ကျေးရွာလေးများတွင် ဖြစ်ပျက်ခဲ့ဘူးသော ဖြစ်ရပ်ဆန်းများကိုပင် ပြောဆိုပြလေ့ရှိပါသည်။

 ထိုကျေးရွာလေးသည် အလွန်ပင် ခေါင်ခိုက်သည်ဟု ဆိုရလေ မလား၊ လျပ်စစ်မီးများမှာ ယခုတိုင်ထိ ကျေးရွာတိုင်း လိုလိုတွင် မရရှိနိုင် ခဲ့သေးပေ။ ထို့ကြောင့် ရေနံဆီမီးခွက်လေးများဖြင့် ညစဉ်တိုင်းကိုပင် ကျော်ဖြတ်နေခဲ့ရသည်က ထိုကျေးရွာများစွာ စတင်တည်ရှိစဉ်က တည်းမှ ယခုတိုင်ထိဖြစ်လိမ့်မည် ဖြစ်သည်။ လျပ်စစ်မီးမရှိသည်ကြောင့် ကျေးရွာသူ၊ ကျေးရွာသားများမှာ ည(၈)နာရီ နောက်ဆုံးထား၍ အိပ်စက် ကြလေ့ရှိပေသည်။

ရန်ကုန်သားဖြစ်သော ကျွန်ုပ်အနေနှင့် မည်သို့မှပင် အောင့် အင်း မနေနိုင်၊ ရန်ကုန်ဆီသို့သာ သတိရရှိနေခဲ့မိလေသည်။ ထို့ကြောင့် တစ်ခါတစ်ရံသော အခါများတွင် ဝါးခယ်မမြို့မှ ရန်ကုန်ဆီသို့ ကျွန်ုပ် နေ့ချင်းပြန် ပြန်လာခဲ့ဘူးသည်။ ကြီးတော်နှင့် ကျွန်ုပ်၏ မောင်နှမဝမ်းက များမှာလည်း ကျွန်ုပ်အား လိုလေသေးမရှိ၊ ဧည့်ခံစောင့်ရှောက် လေ့ရှိပါ သည်။

သို့သော်လည်း ကျွန်ုပ်အနေနှင့် မပျော်ရွှင်နိုင်သည်ကြောင့် ယခုကဲ့သို့ နေ့ချင်းပြန်လာခဲ့ရခြင်းမျိုး ဖြစ်ခဲ့ရခြင်း ဖြစ်ပါ၏။ ထို့ကြောင့် ကျွန်ုပ်အား ဝမ်းကွဲညီအစ်ကိုများမှာ ထိုသူတို့ကိုပင် ထိုသူတို့ခင်သကဲ့သို့ မခင်ပါဘူးဟုသော စကားနာများဖြင့် ကျွန်ုပ်အားပြောဆိုကုန်ကြသည်။ ကျွန်ုပ်အား ချစ်ခင်ကြသည့် မောင်နှမဝမ်းကွဲဖြစ်သူများမှာ ထိုသူတို့၏ နေအိမ်ထံသို့ မကြာခဏ အလည်ပတ် လာရောက်စေရန် အတွက်လည်း ခေါ်ဆောင်နေလေ့ရှိပါသည်။

သို့သော် ကျွန်ုပ်အနေနှင့် အကြောင်းပြချက် အမျိုးမျိုးပြ၍ ငြင်း ဆိုနေခဲ့ရလေ၏။ ယခုအခါတွင်မူ ဝမ်းကွဲ မောင်နှမများမှာ ကျွန်ုပ်၏ အကြိုက်များကိုပင် ကောင်းမွန်စွာသိရှိသွားခဲ့ပြီး ဖြစ်သော်ကြောင့် ကျွန်ုပ်အား ရေကျော်ရွာလေးဆီသို့ လာရောက်လည်ပတ်လျင် ဖြစ်ရပ် ဆန်းကြီးတစ်ခုနှင့် မိတ်ဆတ်ပေးပါမည်ဟု ပြောဆိုလေတော့သည်။ တခြားသော ဖြစ်ရပ်ဆန်းများအားလည်း ထိုသူတို့၏ ပြောဆိုမှု့များ ကြောင့်  ကျွန်ုပ်အနေနှင့် ဖြစ်ရပ်ဆန်းများစွာကိုပင် ရေးသားထားခဲ့ဘူး ပါသည်။

ယခုတွင်လည်း မည်ကဲ့သို့သော ဖြစ်ရပ်ဆန်းမျိုးပင် ဖြစ်သ နည်း။ ထို့ကြောင့် ကျွန်ုပ်သည်လည်း ရေကျော်ရွာလေးဆီသို့ သွား ရောက်ချင်စိတ်များမှာ အလိုလိုသာလျင် ပေါ်ပေါက်လာခဲ့လေတော့ သည်။ သို့နှင့် ရေးလက်စ စာမူများကိုပင် ခေတ္တရပ်ဆိုင်းထားခဲ့ပြီး ရေကျော်ရွာလေးဆီသို့ အလည်အပတ် သွားရောက်ခဲ့ရလေ၏။

ကျွန်ုပ်နှင့် ဘကြီးတော်စပ်သူ ဦးမြင့်ထွေးမှာမူ ကွယ်လွန်သွား ခဲ့ပြီဖြစ်သော်လည်း သူ၏ ဇနီးသည် ကျွန်ုပ်၏ ကြီးတော်ကြီးမှာ ယခု အချိန်ထိ သားသမီးငါးဦးဖြင့် လယ်ယာလုပ်ကိုင်နေလျက်ရှိပါသေးသည်။ ဦးမြင့်ထွေးတွင် အကြီးဆုံး သားကြီးတစ်ဦးရှိပြီး၊ အသက်အားဖြင့် (၃၀)ခန့်မျှရှိနေခဲ့ပါပြီ။ ဒုတိယမြောက်မှာ သမီးကြီးဖြစ်၍ အသက်အား ဖြင့် (၂၈)နှစ်မျှရှိနေခဲ့ပြီဖြစ်သည်။
 တတိယမြောက်သည်လည်း သမီးမိန်းကလေးပင်ဖြစ်လေရင်း သူမသည်လည်း အသက်အားဖြင့် (၂၅)နှစ်မျှ ရှိနေခဲ့ပြီဖြစ်ပါသည်။ လေးယောက်မြောက်မှာ ကျွန်ုပ်နှင့် ရွယ်တူဖြစ်သည့် သားယောက်ျား လေးပင် ဖြစ်သည်။ အငယ်ဆုံးမှာ သမီးမိန်းကလေးပင်ဖြစ်လေ၏။ ယခုဖြစ်ရပ်ဆန်းကြီးတွင် ဦးမြင့်ထွေး၏ သမီးကြီးဖြစ်သော မနီလာမြင့်၏ ဖြစ်ရပ်ဆန်းပင်ဖြစ်သည်ဟု ပြောဆိုကြလေ၏။

မည်ကဲ့သို့ပင် ဖြစ်ရပ်ဆန်းပင်ဖြစ်သနည်းဟု ကျွန်ုပ်အနေနှင့် ကောင်းစွာမသိရှိရသေးပေ။ ရေကျော်ရွာလေးဆီသို့ ရောက်ရှိသွား ခဲ့သည့် နေ့တွင် မဆုံဖြစ်သည်မှာ ကြာမြင့်နေပြီဖြစ်သည့် ညီအစ်ကို မောင်နှမများမှာ စကားများစွာ ပြောဆိုဖြစ်ကြပြီး၊ ထိုတစ်ညအဖို့ ကုန်ဆုံသွားစေခဲ့သည်။ ထိုအချိန်ထိ ထိုသူများပြောဆိုလာခဲ့သော ဖြစ်ရပ်ဆန်းမှာ အဘယ်နည်း။

ကျွန်ုပ်၏ စိတ်အတွင်း၌လည်း သတ်မှတ်ထားခဲ့၏။ ကျွန်ုပ်အား ဖြစ်ရပ်ဆန်း ကိုယ်တွေ့ပြသမည်ဟု ပြောဆိုလျက် လိမ်ညာခေါ်ဆောင် ခဲ့ခြင်းဆိုလျင် နောက်နောင်များ၌ မည်သည့်အခါမှ ထိုကျေးရွာလေး ဆီသို့ ရောက်ရှိလာတော့မည် မဟုတ်ဟု စိတ်အတွင်း၌လည်း သတ်မှတ် ထားခဲ့ပေသည်။ မနက်လင်းလာသည့် အချိန်တွင်မူ မနီလာမှာ ကွမ်းစိုက် ပျိုးရန်အတွက် ကွမ်းခြံကိုပင် ကြိမ်လုံးလေးများစွာဖြင့် စနစ်တကျ ကာရံ နေခဲ့လေ၏။

          တခြားသော ညီအစ်ကိုမောင်နှမများမှာ စံပါးသိမ်း ချိန်ဖြစ်သည့် အတွက် လယ်တောထဲသို့ မနက်စောစော ဆင်းသတ်သွားကြပြီ ဖြစ်သည်။ ကြီးတော်ကြီးမှာ ကျွန်ုပ်အား ခေါ်ဆောင်လျက် မနီလာရှိ နေခဲ့သော ကွမ်းခြံနံဘေးဆီသို့ သွားရောက်ရန် ပြောဆိုလေခဲ့သည်။ ထို့ကြောင့် ကျွန်ုပ်သည်လည်း ကြီးတော်ကြီး၏ ခေါ်ဆောင်ရာ အနောက် ဆီသို့ လိုက်ပါသွားခဲ့ရလေသည်။

          ကြီးတော်နှင့်ကျွန်ုပ် မနီလာရှိနေခဲ့သော ကွမ်းခြံအနီးဆီသို့ ရောက်ရှိရန်အတွက် ငါးပေကျော်ခန့် အကွာသာလျင် လိုပါတော့သည်။ ထိုအချိန်တွင်းမှာပင် ပတ်ဝန်းကျင် အသစ်များအား လိုက်လံအကဲခတ် နေမိသည့် ကျွန်ုပ်အဖို့ ထိတ်လန့်တကြား မြင်တွေ့လိုက်ရသည်က မနီလာ၏ အနောက်တွင်မူ လုံးပတ်အားဖြင့် (၁)လက်မကျော်၊ (၂) လက်မ နီးပါးခန့်ရှိပြီး၊ အရှည်အားဖြင့်(၅)ပေကျော်မျှရှိလိမ့်မည် ဖြစ် သော လင်းမြွေကြီး တစ်ကောင်မှာ ရစ်သီရစ်သီ ပြုလုပ်နေခဲ့သည့် မြင် ကွင်းများပင်ဖြစ်စေသည်။

          ထို့ကြောင့် ကျွန်ုပ်နှင့်ဘေးချင်း ယှဉ်လျက်လျောက်လှမ်းနေ သည့် ကြီးတော်ကိုပင် အလန့်တကြား တားဆီးလိုက်ရပြီး၊ “မြွေ.. မြွေ”ဟူသော အသံကြီးဖြင့် အော်မိလိုက်လေသည်။ ကျွန်ုပ်၏အသံ ကိုပင် ကြားသွားခဲ့လေသလား၊ မနီလာသည်လည်း လည်ပြန်ခါ လှည့် ကြည့်လိုက်စေသည်။ မြွေကြီးသည်လည်း ကျွန်ုပ်၏ အော်သံများကြောင့် ပင်လား မြတ်တောအတွင်းသို့ လျင်မြန်စွာဖြင့် ပြေးဝင်သွားခဲ့လေတော့ ၏။

          သို့သော် ကျွုန်ပ် မြင်တွေ့လိုက်ရသော လင်းမြွေကြီးကိုပင် ကြီး တော်သည်လည်း မြင်တွေ့လိုက်ရမည်မှာ သေချာလှပေသည်။ သို့သော် သူတစ်ယောက် အနည်းငယ်လေးမျှ ထိတ်လန့်မှု့မရှိ၊ မနီလာ သည်လည်း ထိုကဲ့သို့ပင် ကျွန်ုပ်၏ အော်သံများကြောင့် လှည့်ကြည့် လိုက်ချိန်တွင် သူမသည်လည်း သူမ၏အနီးတစ်ဝိုက်တွင် ရစ်သီရစ်သီ ပြုလုပ်နေခဲ့သော လင်းမြွေကြီးကိုပင် မြင်တွေ့လိုက်ရမည်မှာ သေချာစေ လှသည်။

သို့သော် အနည်းငယ်လေးမှ ထိတ်လန့်သွားမှု့မရှိခဲ့ပေ။
          အဘယ့်ကြောင့်နည်း။….

“မကြီး… အခုနတုန်းက မကြီးအနောက်မှာ မြွေကြီးတစ် ကောင်လေ မတွေ့လိုက်ဘူးလား။”

          ထိတ်လန့်မှု့များစွာနှင့် အလောတကြီး မေးမြန်းမိလိုက်သော ကျွန်ုပ်၏အမေးစကားများကိုမူ မနီလာမှာ ခပ်ပြုံးပြုံးအမူယာများဖြင့် ထိုကဲ့သို့ပင် ပြောဆိုလာခဲ့လေတော့သည်။

“ဟုတ်တယ်လေ…။’
“ဟင်… ဘာဟုတ်တာလဲ။”
“အဲ့ဒါပဲ… ငါ့တူရေ၊ မင်းကို ကြီးကြီးတို့ ဖြစ်ရပ်ဆန်းတစ်ခု ပြစရာရှိတယ်ဆိုတာ အဲ့ဒီမြွေကြီးကိုပြောတာပဲ။”
“ဟင်… ဘာဖြစ်လို့လဲ ကြီးကြီး၊ မြွေကြီးကိုပြေတာလား။ နည်းတဲ့ကောင်ကြီးမဟုတ်လေ။ ကြီးကြီးတို့မိသားစုကို အန္တရယ်ပေးရင် ဘယ်လိုလုပ်မလဲ။”

“ဒီမြွေက လင်းမြွေကွယ့်… အဆိပ်မရှိဘူး။ ပြီးတော့ မင်း အစ်မကြီးကိုလည်း သူက ဘာမှမလုပ်ဘူး။ လာလာပြီး ပိုးပန်းနေတယ် ဆိုပါတော့…။”
“ဟင်..။ ဘယ်လို… ပိုးပန်းနေတယ်။ ဘာကိုပြောတာလည်း ကြီးကြီး။”
“သြော်ကွယ်… လူပျိုက အပျိုကို လာပိုးပန်းသလိုမျိုးပေါ့။”
“ဟာဗျာ… ကြီးတော်ကလည်း နောက်နေတာလား။”

“ဟင်။ ဘယ်နှဲ့နောက်ရမှာတုန်း။ လင်းမြွေဆိုတဲ့ မြွေမျိုးက အရမ်းမိန်းမပိုးတတ်တာ။ အခုလည်း ဒီမြွေကြီး မင်းအစ်မကို လာလာ ပိုးနေတာ (၆)လလောက်ရှိနေပြီ။ အဲ့ဒါကြောင့် ဖြစ်ရပ်ဆန်းတစ်ခု ဖြစ်နေလို့ မင်းကိုပြောတာပေါ့။”
“ဗျာ…။”

        ကြီးတော်၏ ပြောစကားများမှာ ကျွန်ုပ်အဖို့ လွန်စွာထူးဆန်း သွားခဲ့သည်။ လင်းမြွေဟူသော မြွေအမျိုးစားမှာ မိန်းမပိုးပန်းတတ်သော မြွေအမျိုးအစားပင်ဖြစ်၍ ယခုတွင်လည်း အပျိုကြီး မနီလာအား လာရောက် ပိုးပန်းနေခြင်းပင် ဖြစ်သည်ဟု ပြောဆိုလေခဲ့သည်။ ထို့ ကြောင့် ကျွန်ုပ်သည်လည်း လွန်စွာ အံ့အားသင့်သွားခဲ့ရပြီ၊ မယုံ ကြည်နိုင် လောက်အောင်ပင် ဖြစ်သွားခဲ့ရလေတော့သည်။

“ဘယ်လိုကနေ ဘယ်လိုဖြစ်ပြီး၊ အခုလို ရောက်လာရတာလဲ ဗျ။ ကျွန်တော့်ကိုပြောပြပါဦး။”

          ကွမ်းခြံ၏စည်းရိုး ပြုလုပ်နေခဲ့သော မကြီးမနီလာသည်လည်း အလုပ်များကိုပင် ခေတ္တရပ်ဆိုင်းလျက် ကြီးတော်အပါအဝင် ကျွန်ုပ်နှင့် ရွယ်တူ ညီအစ်ကိုဝမ်းကွဲတို့မှာ အိမ်အနောက် အရိပ်ကောင်းလှသော ကောက်ရိုးပုံကြီးနံဘေးတွင် ထိုင်လျက်ရှိနေခဲ့ကြပြီး၊ ကျွန်ုပ်၏ အမေး စကားများကိုမူ ပြောဆိုရန်အတွက် မနီလာမှ ဟန်ပြင်လိုက်လေသည်။

“ဒီလိုဟ။ လွန်ခဲ့တဲ့ခြောက်လလောက်တုန်းက တို့အားလုံး မိုးစံပါး အတွက် ရိုးပျက်တွေရှင်းနေခဲ့ကြတာ။ စံပါးသိမ်းခါစဆိုတော့ ငါးတွေက လည်း ဟင်းစားရတဲ့အပြင် ငပိပါထည့်လို့ရတယ်လေ။ ငါးပေါတဲ့ အချိန် ဖြစ်သလို မြွေဆိုးတွေလည်း တအားပေါတဲ့အချိန်ပဲ၊ လယ်ထဲကို ရောက်လာတဲ့ ဂျက်မြွေတို့၊ မြွေပွေးတို့၊ လင်းမြွေတွေတို့ကို သတိထားပြီး ရိုးပျက်တွေရှင်းနေရတယ်။

လင်းမြွေကိုတော့ သိပ်ဂရုမစိုက်ရဘူး။ သူက ကိုက်ရင်လည်း ဘာမှ ဖြစ်တာမှမဟုတ်တာ။ ဂျက်မြွေနဲ့ မြွေပွေးကိုတော့ တော်တော်လေး သတိထားရတယ်။ လယ်ထဲမှာတွေတဲ့ မြွေပွေးနှစ်ကောင်လောက်ကို ငါ့အစ်ကိုကြီး ရိုက်သတ်ပြီးပြီး။ ညနေစောင်းတော့ ဘာမြွေမှ မတွေ့ရ တော့ဘူး။ ဒါပေမယ့် ငါတစ်ယောက်တည်း ရိုးပျက်တွေရှင်းနေတဲ့ လယ် ထဲက ကန်ရိုးမှာ လင်းမြွေကြီးတစ်ကောင် ရစ်သီရစ်သီလုပ်နေတာ ဖျက်ခနဲတွေ့ လိုက်တယ်။ ဘာပြောကောင်းမတုန်း။ မြတ်ခုတ်ဓားဆွဲပြီး ဒီကောင့်ကို အသေသတ်မလို့ပဲ၊ ဒါပေမယ့် ဒီကောင်တွေက သူတို့ကို သတ်တော့မယ် လူရဲ့ခြေသံဆိုရင် ဆယ်ပေကျော်ကျော်လောက်ကနေ သိနေလားမသိဘူး။ လစ်ခနဲပျောက်သွားတယ်။”

“ငါလည်း ရှေးလူကြီးတွေ ပြောတာ တစ်စွန်းတစ်စ ကြားတော့ကြားဘူး ထားတယ်လေ။ လင်းမြွေရှိနေရင် တစ်ခြားမြွေဆိုးတွေ မလာနိုင်ဘူး ဆိုတာ… အေးအေးဆေးဆေးနဲ့ ရိုးပျက်တွေဆက်ရှင်းနေတယ်။ ဒါပေမယ့် သတိတော့ထားရတာပေါ့လေ။ နောက်… မကြာဘူး ငါ့မျက်စိ အရှေ့နားကနေပဲ အခုနလင်းမြွေကြီး ဖျက်ခနဲပြေးပြတယ်။ ဒါပေမယ့် ငါ့စိတ်ထဲမှ အခုနမြွေကြီးပဲလို့ မထင်ဘူး။ နောက်တစ်ကောင်ထင်တာ။ မြတ်ခုတ်ဓားနဲ့ အဲ့ဒီအနားကို ရှင်းပစ်လိုက်တယ်။

မရှိတော့ဘူး။ အဲ့ဒါနဲ့ပဲ မိုးလည်းချုပ်ခါနီးတော့ အိမ်ပြန်လာတယ်။ အိမ်ပြန်လာတော့လည်း ငါ့အနောက်ကနေ လိုက်လာတည သိနေရ တယ်။ ပြောရရင် အပမှီသလို ဘာလိုလို တွေးမိပြီး နည်းနည်းတော့ ကျောချမ်းလာမိတယ်။ ဒါပေမယ့် အိမ်ရောက်အောင်ပြန်လာတယ်။ အိမ်ရောက်တော့ ရေမိုးချိုးပြီး မှန်တင်ခုံမှာ သနားခါးလိမ်းမလို့ ပြင်တုန်း ရှိသေးတယ်… မှန်တင်ခုံအောက်ဘက်ကနေ အခုနလင်းမြွေကြီး ထွက်လာပြန်ရော… ငါလည်း ကြောက်ကြောက်နဲ့ အော်မိလိုက်တာ၊ အစ်ကိုကြီးက လင်းမြွေကြီးဆိုတော့ ဟင်းစားရတယ်ဆိုပြီး နေရာအနံ့ လိုက်ရှာတော့တာပဲ။ မတွေ့တော့ဘူး။ နောက် ငါဘယ်ကိုသွားသွား… အဲ့ဒီမြွေကြီးက လိုက်လိုက်လာတာ သတိထားမိလာတယ်။”

“အမေပြောတာကတော့ အဲ့ဒီလင်းမြွေကြီးက ငါ့ကိုကြိုက်နေ တာတဲ့….။”

“ဟင်…။ ဟာဗျာ… ဘယ်လိုရေစက်တွေလဲ။”
“အေးကွယ့်… အဲ့ဒါပြောတာပေါ့။ ပြီးတော့ ကြီးကြီးတို့ရှိနေရင် မင်းအစ်မနားမှာ မတွေ့ရဘူး။ ကြီးကြီးတို့ မျက်ကွယ်သွားပြီးဆိုတာနဲ့ ရောက်ရောက်လာတတ်တယ်။”
“ဟင်… မကြီးနီလာက မကြောက်ဘူးလား။”
“ဟားဟားဟားဟား… အမှတ်တမဲ့ဆိုရင်တော့ ကြောက်တာပေါ့ဟ။ ပြီးတော့ မြွေဆိုတဲ့ သတ္တဝါမျိုးကလည်း အစ်ကိုကြီးတို့ လယ်ထဲကနေ ရရလာရင်၊ ငါကိုယ်တိုင် ဟင်းစားအဖြစ် ကိုင်တွယ်နေရတော့ ကြောက် တယ်လို့လဲ မရှိတော့ဘူးပေါ့။ အခုဒီကောင်ကြီးကလည်း ငါကြောက် တတ်မှန်းသိရင် အရင်က ခဏခဏဖြဲဖြဲခြောက်တယ်။ နောက်တော့ ငါလည်း ဒီတစ်ခါဆိုရင် ရိုက်သတ်ပစ်မယ်တို့၊ ဘာတို့ပြောတော့ မခြောက်တော့ဘူးဟ။

သူလာတော့မယ်ဆိုရင် အသံတစ်ခုခုကို အရင်ပေးတယ်။ ကြက်တွေ၊ ငှက်တွေ ပြေးသွားတာတို့ ဘာတို့ဆိုရင် သေချာပြီ ဒီကောင်ကြီးလာ နေပြီဆိုတာ…။”
“ဟာဗျာ… တကယ့်ကို ထူးဆန်းတဲ့မြွေပဲဗျို့…။”
“အဲ့ဒါပြောတာပေါ့ ငါ့တူရာ။ ဘယ်နှဲ့တုန်း… မင်းအတွက် ဖြစ်ရပ်ဆန်းဖြစ်ရဲ့လား။”
“ဖြစ်ပါပေတယ် ကြီးတော်ရာ။ ဖြစ်ပါပေတယ်။”

          ကျွန်ုပ်၏အစ်မဝမ်းကွဲ တော်စပ်သူ မနီလာမှာ အသက်အားဖြင့် (၂၈)နှစ်ခန့်ရှိနေခဲ့ပြီး၊ ကိုယ်လုံးကိုယ်ပေါက် ခပ်တောင့်တောင့်နှင့် တောသူတို့၏ သဘာဝအရ အသားအရည်မှာ ညိုချောပင်ဖြစ်လေသည်။ ကိုယ်ခန္ဓာတွင်လည်း မိန်းမတို့၏ ရှိသင့်ရှိထိုက်သော အင်္ဂါအစိတ် ပိုင်းများနှင့် ပြည့်စုံလျက်၊ ရေကျော်ကျေးရွာလေးတွင် ကာလသား ယောက်ျားလေးတို့၏ လာရောက်ပိုးပန်းရုံတင်မက ယခုလင်းမြွေအထီး အပါအဝင် လာရောက်ပိုးပန်းနေသည်က အလွန်ပင် ဆန်းကြယ်သော သဘောရှိလှ၏။

          ကျွန်ုပ်သည်လည်း ရန်ကုန်ဆီသို့ မပြန်သေးခင် ရက်ပိုင်းလေး များ၌ ထိုလင်းမြွေကြီးနှင့် မနီလာတို့၏ အရိပ်ကဲများကိုပင် အကဲခတ် ကြည့်မိပါသေးသည်။ မနီလာတစ်ဦးတည်း မီးဖိုချောင်အတွင်း၌ ထမင်း ဟင်းချက်ပြုတ်နေလျင် ထိုလင်းမြွေကြီးမှာ ရစ်သီရစ်သီဖြင့် အဝေး တစ်နေရာမှ ရှိနေတတ်ခဲ့ပြီး၊ မနီလာအနီးဆီသို့ လူတစ်ဦးတစ်ယောက် ရောက်ရှိလာပြီဆိုပါက ထိုလင်းမြွေကြီးမှာ ကြက်ပျောက်၊ ငှက်ပျောက် ပင်လျင် ပျောက်ဆုံးသွားတတ်သည်က သူ့အားအန္တရယ်ပေးမည်ကိုပင် ဆိုးရိမ်သော်ကြောင့် ဖြစ်လိမ့်မည်ဖြစ်သည်။

          လွန်ခဲ့သော ၂၀၁၅ နှစ်နောက်ပိုင်းတွင် မနီလာတစ်ယောက် အိမ်ထောင်ပြုတော့မည်ဟု ဖိတ်ကြားလေသော်ကြောင့် ကျွန်ုပ်ကိုယ်တိုင် ပင်လျင် သွားရောက်ခဲ့ပါသေးသည်။ ထိုအခါ လင်းမြွေကြီးနှင့် မနီလာ တို့၏ အဖြစ်အပျက်များမှာ မည်ကဲ့သို့ပင် ဖြစ်သွားကြသနည်းဟု မေးမြန်းခဲ့မိ၏။ ထိုအခါစိတ်မကောင်းစွာ ကြားသိလိုက်ရသည်က မနီလာ၏ အမေဘက်မှ ဝမ်းကွဲအစ်ကိုဖြစ်သူမှာ လင်းမြွေကြီးကိုပင် မျက်စိကျ နေလျက်၊ အရက်မူးလာသည့် တစ်နေ့တွင် မနီလာနှင့် လင်းမြွေကြီးတို့၏ အခြေနေအား လူတို့၏ ဥာဏ်နီ၊ဥာဏ်နက်များကိုပင် အသုံးချလေရင်း လင်းမြွေကြီးအား ရိုက်သတ်ပစ်လိုက်သည်ဟု သိရှိ လိုက်ရလေသည်။

          ယခုနှစ်ဦးပိုင်းတွင် မနီလာတစ်ယောက် ကိုယ်ဝန်ရရှိနေခဲ့ပြီဟု သိရှိထားခဲ့ရပေသည်။ ထိုကိုယ်ဝန်မှာလည်း သေဆုံးသွားခဲ့သော လင်းမြွေကြီးဝင်စားနေခဲ့ခြင်းပင် ဖြစ်လိမ့်မည်ဟု မနီလာမှ သူမ၏ ထူးဆန်း သည့် အိပ်မက်အကြောင်းများကိုပင် ကျွန်ုပ်အား ဖြစ်ရပ်ဆန်းတစ်ခုအဖြစ် ထပ်မံပြောဆိုပြမည်ဟု ပြောဆိုလေခါ၊ ရေကျော်ကျေးရွာလေးဆီသို့ လာရောက်လည်ပတ်ရန် အတွက် ဖိတ်ခေါ်ထားခဲ့ပါသေးသည်။

ပြီး။
(ရေကျော်ကျေးရွာလေးဆီမှ စာရေးသူ၏ အစ်မဝမ်းကွဲတော်စပ်သူ မနီလာ၏ ဖြစ်ရပ်ဆန်းများကိုပင် စာစီလျက် ရေးသားတင်ပြလိုက်ရပါသည်။)
စာရေးသူ-ထီးကလေး
(ရင်နှင့်ရင်း၍ရေးသားသည်။)

စာပေလောက ဆိုင်များဖြစ်ကြသော (မြောက်ဥက္ကလာ၊ တောင်ဥက္ကလာ၊ ကျောက်မြောင်း၊ ရန်ကင်း၊ လှည်းတန်း၊ ပန်းဆိုးတန်း၊ Junction City)၊ ရာပြည့် (ပန်းဆိုးတန်း)၊ အင်းဝ (လှည်းတန်း၊ ပန်းဆိုးတန်း)

ဆိုင်သို့မသွားချင်သူများ အိမ်အရောက် ပို့ဆောင်ပေးသွားမည်ဖြစ်ပါသည်။ ဆက်သွယ်မှာယူရန် ဖုန်း ၀၉ ၇၉၆ ၁၆၉ ၄၈၀။
ထွက်ရှိပြီးသော စာအုပ်များ

-လူသားစားတဲ့ ဆေးရုံကြီး။
-လူသားစားတဲ့ တည်းခိုအိမ်ကြီး (ပ)
-လူသားစားတဲ့ တည်းခိုအိမ်ကြီး (ဒု)
-နှစ်၁၀၀ကျိန်စာသင့် အိမ်ကြီး။
-သင်္ချိုင်းပိုင်တဲ့ မဖဲဝါ။
-လင်းမြွေကြီးနှင့် မိန်းမပျို

ထွက်ရှိပြီးသော စာအုပ်များအားလည်း အထက်ပါ လိပ်စာအတိုင်း ဝယ်ယူနိုင်ပြီဖြစ်ပါသည်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

Post Bottom Ad

Responsive Ads Here

Pages