သိုက်လောက
(ပထမပိုင်း)
(ဖြစ်ရပ်ဆန်းကြယ်)
စာရေးသူ -ထီးကလေး
(ရင်နှင့်ရင်း၍ရေးသားသည်)
(ဇာတ်လမ်းတို)
ဒီဇာတ်လမ်းလေးဟာ ဖြစ်ရပ်မှန်ဇာတ်လမ်းလေးတစ်ပုဒ်ပါ။ သူမဟာ ကျွန်တော့အား ရုတ်တရက်နှုတ်မဆတ်ပါပဲ ထွက်ခွာသွားခဲ့သည်မှာ ယခု(၁၁.၁.၂၀၁၆)ဆိုလျင် (၄)နှစ်တင်းတင်းပြည့်ခဲ့ပါပြီ။ ဒီဇာတ်လမ်းအား ကျွန်ုပ်တစ်ယောက် အကောင်းဆုံးဖန်တီးနိုင်ရေးအတွက် သံဃာတော်များ၊ အသက်(၇၀)ဝန်းကျင်ရှိ အဖိုးအဘွားများ၊ အထက်ဂိုဏ်းဆရာများ၊ သိုက်လောကနှင့် ကိုယ်တွေ့ကြုံဆုံခဲ့ဘူးသော မိတ်ဆွေများ၊ ထိုသူများထံချည်းကပ်စေခဲ့ပြီး ပိုင်နိုင်စွာလေ့လာထားခဲ့ရပါတယ်။ အထူးသဖြင့် ကျွန်တော့်ရဲ့ ဖခင်ဖြစ်သူကို ကျွန်တော်ဒီစာလေးအထဲကပဲ ဂါရဝပြုပါရစေ။
**********
ဟင်း … ဟင်း … ဟင်း
နှမတော်လေးရယ် ဘာရယ်ကြောင့်များ ဒီလောက်ထိ ငိုကြွေးနေရတာလဲ … အစ်ကိုတော်တို့မှာ ပြေးကြည့်မှ ဒီမောင်နှမလေး သုံးယောက်တည်းပဲရှိတာ နှမထွေးလေးက အခုလိုတစ်နေ့နေ့ငိုကြွေးနေတာ မြင်တော့ အစ်ကိုတော်နဲ့ အစ်မတော် ဘယ်လိုလုပ်စိတ်ချမ်းသာနိုင်မှာလဲ
လူပြည်ကိုသွားချင်တယ် နှမထွေးလေး လူပြည့်ကိုသွားချင်တယ် အစ်ကိုတော် နှမထွေးလေးကို ခွင့်ပြုပါနော်
နှမလေးရယ် လူပြည်ဆိုတာ သိပ်ကိုမာယာတွေနဲ့ပြည့်နှပ်နေတာ အစ်ကိုတော် ခွင့်မပြုနိုင်ဘူးကွာ
ဟင်း … ဟင်း … ဟင်း
နှမထွေးလေး မငိုပါနဲ့ အစ်ကိုတော့်ရင်တွေ ကွဲတော့မယ် မငိုပါနဲ့တော့နော်
ငိုမှာပဲ နှမထွေးလေး လူပြည့်ကိုခဏလောက် အလည်သွားချင်လို့ပါ အစ်ကိုတော်နဲ့အစ်မတော်ရယ် နှမထွေးလေးကို ခွင့်ပြုပေးပါနော်
အစ်မတော်လဲ ခွင့်ပြုချင်ပါတယ် နှမထွေးလေးရယ် သို့ပေမယ့်လို့ လူပြည်ဆိုတာ အစ်ကိုတော်ပြောသလိုပဲ မာယာတွေအရမ်းများတယ်
အစ်မတော်ကလည်း နှမလေး ခဏလောက်ပဲအလည်သွားချင်တာပါ ပြီးကြရင် အစ်ကိုတော်နဲ့ အစ်မတော်ဆီ နှမလေးပြန်လာခဲ့မှာပါ
မဖြစ်ဘူးနှမတော် အစ်ကိုတော်တို့မောင်နှမတွေက နောင်ပွင့်လာမယ့် အရိမေတ္တယမြတ်စွာဘုရားကို ဖူးခွင့်ရဖို့စောင့်နေတဲ့ ဘုရားသိုက်စောင့်တွေ နှမတော်လေး လူပြည်ကိုသွားဖို့ အစ်ကိုတော်ခွင့်ပြုလိုက်မယ်ဆိုရင် နှမတော်လေး အစ်ကိုတော်တို့သိုက်နန်းကိုပြန်လာဖို့ ခက်ခဲသွားလိမ့်မယ်
နှမတော်သိပ်နားမလည်ဘူး အစ်ကိုတော်
ဒီလိုလေ နှမတော်ရဲ့ နှမထွေးလေးကို အစ်ကိုတော်တို့လူပြည့်သွားဖို့ ခွင့်ပြုလိုက်မယ်ဆိုရင် လူပြည်မှာ နှမထွေးလေး သာသနာတွေသာပြုလိုက်ရင် အစ်ကိုတို့ဆီကို ပြန်ရောက်လာနိုင်မှာမဟုတ်တော့ဘူး သာသနာတွေနဲ့လူ့လောကထဲမှာပဲ ကျင်လည်သွားရလိမ့်မယ် နှမထွေးလေးကို အစ်ကိုတို့တွေဘယ်လောက်ထိ ချစ်သလဲဆိုတာ နှမတော်လဲသိတာပဲလေ
အင်း … အစ်ကိုတော်ပြောပြသလိုဆိုရင် ဟုတ်တယ် နှမထွေးလေးကို နှမတော်တို့ ခွင့်ပြုလို့မဖြစ်ဘူး
အဲ့ဒါကြောင့်အစ်ကိုတော်လဲ နှမထွေးလေးအခုလိုစိတ်ဆင်းရဲနေတာကို ဇွတ်မှိတ်ကြည့်နေရတာပေါ့
ရွှေရောင်တစ်ဝင်းဝင်းတောက်ပနေသည့် နန်းဆောင်ကြီးများဖြစ်ပြီး နန်းဝတ်နန်းစားများနှင့် သိုက်နန်းရှင်မောင်နှမ သုံးဦးပင်ဖြစ်ချေသည်။ မောင်နှမ သုံးဦးအနက် အထွေးဆုံးဖြစ်သည့် နန်းနွယ်ဟုခေါ်တွင်သော နှမငယ်မလေးမှာ လူပြည်ဆီသို့ ခေတ္တအလည်သွားချင်သောကြောင့် နေစဉ်နှင့်အမျှ ငိုကြွေးနေလေခဲ့သည်။ သိပ်ချစ်ရသည့် နှမထွေးလေး ငိုကြွေးနေခဲ့သည်များကို အစ်ကိုဖြစ်သူနှင့် အစ်မဖြစ်သူတို့မှာ လွန်စွာမှပင် စိတ်မချမ်းမသာဖြစ်ရသော်လည်း မည်သို့မှပင် သွားခွင့်မပြုနိုင်ချေ။ မိမိတို့ဟာ နောင်ပွင့်လာမည့် အရိမေတ္တရမြတ်စွာဘုရားအား ရွှေငွေရတနာများ လှူတန်း၍ ကျွတ်လွတ်စေရန် စောင့်ကြပ်နေခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့် ထိုရတနာပစ္စည်းများအား ယခုကဲ့သို့ စောင့်ကြပ်နေခဲ့ပြီး ရွှေရောင်တစ်ဝင်းဝင်းတောက်ပနေသည့် နန်းဆောင်အတွင်း၌ နှစ်ပေါင်းများစွာနေထိုင်နေခဲ့ကြသည်။
လူပြည်သို့ခေတ္တအလည်သွားရန် ငိုကြွေးပြောဆိုနေသော နှမတော်လေးမှာ ယခုဆိုလျင် သုံးလ၊ သုံးရက် တိုင်တိုင်ရှိနေပြီးဖြစ်သည်။ နေ့စဉ်နှင့်အမျှ လွမ်းမောစဖွယ်ငိုကြွေးနေခဲ့ပြီး လူပြည်သို့အလည်သွားရန် မိမိအား လုံးဝခွင့်မပြုသည်ကို သိရှိထားသောလည်း နှမထွေးလေး နန်းနွယ်မှာ အစ်ကိုဖြစ်သူအား အကြိမ်ကြိမ်အခါခါ ငိုကြွေးပြောဆိုနေခဲ့ပြန်သည်။ သိပ်ချစ်ရသည့် ညီမငယ်လေးဖြစ်ပြီး စိတ်ခြင်းသာလျင် ဆက်သွယ်နေသကဲ့သို့ မိမိ၏နှလုံးအိမ်၌လည်း နှမတော်ငိုကြွေးနေသည်နှင့်အမျှ မိမိသည်လည်းဆိုနစ်နေခဲ့ရသည်။ ထို့ကြောင့်ယနေ့နှင့်ဆိုလျင် သုံးလ၊ သုံးရက် တိတိငိုကြွေးနေခဲ့သော ညီမထွေးလေးအား အစ်ကိုဖြစ်သူမှာ မကြည့်ရက်တော့ချေ။ သို့နှင့် နန်းနွယ်၏အနားသို့ အစ်ကိုဖြစ်သူလာရောက်ခါ သူမ၏စိတ်ဆန္ဒများအား စိတ်မချစွာနှင့် လျောလိုက်လေခဲ့တော့သည်။
အစ်ကိုတော်ဖြစ်သူ၏ ခွင့်ပြုလိုက်သော စကားများအား ကြားလိုက်ရသည်နှင့် နှမထွေးလေး နန်းနွယ်မှာ လွန်စွာမှပင်ပျော်ရွှင်သွားခဲ့ပြီး အစ်ကိုဖြစ်သူအား နမ်းရှိုက်လေခဲ့သည်။ မိမိတို့၏သိုက်နန်းသို့ နှမထွေးလေး ပြန်လည်ရောက်ရှိလာနိုင်အောင်လည်း နန်းနွယ်အား လူပြည်လူရွာ၌ သာသာနာများမပြုလုပ်ရန် အကြိမ်ကြိမ်အခါခါ မှာကြားစေခဲ့သည်။ ထိုတင်မက အိမ်ထောင်ပြုသားမွေး ကိစ္စများကိုလည်း မပြုလုပ်စေရန် အကြိမ်ကြိမ်အခါခါ ကတိတောင်းဆိုထားခဲ့သည်။ ထိုကတိနှစ်ခုအား နန်းနွယ်တစ်ယောက် ပေးနိုင်မှသာလျင် လူပြည်လူရွာသို့ ခေတ္တအလည်သွားရန် ခွင့်ပြုမည်ဟု ဆိုခဲ့လေသည်။ နန်းနွယ်သည်လည်း လူပြည်သို့ အလည်သွားရလျင် ကျေနပ်လှပြီဖြစ်သောကြောင့် အစ်ကိုဖြစ်သူတောင်းဆိုသော ကတိစကားများအား လွယ်ကူစွာနှင့်ပေးလေခဲ့သည်။
အစ်ကိုဖြစ်သူသည်လည်း သိုက်နန်း၌ ဘုရင်လက်ထပ်ကတည်းမှ စံမြန်းခဲ့သူတစ်ယောက်ဖြစ်ပြီး ယခုဆိုလျင် မြင်းဖြူနှင့်ကျောက်စီဓားအား ကိုင်ဆောင်ခွင့်ရရှိထားသည့် သိုက်စောင့်ကြီးတစ်ဦးပင်ဖြစ်ချေသည်။ ထို့ကြောင့် သိုက်လောကနှင့် လူ့လောကကြား ကွာခြားချက်များအား ကောင်းစွာသိရှိထားခဲ့ပြီး လူပြည်၌ မမြင်ရသော လောကဘဝများအား အယုံကြည်မရှိသည့်မိသားစုများ၊ သိုက်လောကဟူသော မိမိတို့၏လောကအား လက်ခံထားခြင်းမရှိသော မိသားစုများအား ရင့်ကျက်လှသည့် မိမိ၏ိံအာရုံဖြင့်ကြည့်ရှု့စေခဲ့ပြီး နှမတော်လေးအား လက်ဆွဲလျက် သိုက်နန်းဆီမှ ထွက်ခွာလာခဲ့လေသည်။
နှမထွေးလေးနန်းနွယ်
ပြောလေအစ်ကိုတော်
နှမလေးကို အစ်ကိုတို့ဘယ်လောက်ထိချစ်သလဲဆိုတာ နှမလေးသိပါတယ်နော် အစ်ကိုတော်တောင်းထားတဲ့ ကတိတွေကို နှမလေးတည်တံ့အောင် ထိန်းသိမ်းပါ အစ်ကိုတော် နှမထွေးလေးကို စိတ်မချပဲ အခုလိုခွင့်ပြုလိုက်တာဟာ နှမလေးကို အစ်ကိုတော် ချစ်လွန်းလို့ပဲ အစ်ကိုတော့ကို ပေးထားတဲ့ ကတိတွေတည်မယ်ဆိုတာ အစ်ကိုတော်ယုံကြည်ပါတယ်
စိတ်ချပါအစ်ကိုတော် နှမထွေးလေး အစ်ကိုတော့်ကိုပေးထားတဲ့ ကတိစကားတွေ တည်တံ့အောင်ထိန်းသိမ်းမှာပါ နှမလေး လူပြည်ကိုအလည်သွားရရင်ပဲ ကျေနပ်လှပါပြီ
နှမထွေးလေးကို အစ်ကိုတော်သိပ်ချစ်တယ်
နှမလေးလဲ အဖေလိုအမေလို ချစ်ရတဲ့ အစ်ကိုတော့ကို အရမ်းချစ်တယ် နှမလေးကိုအခုလို ခွင့်ပြုခဲ့တာ နှမလေးအစ်ကိုတော့ကို ကျေးဇူးအရမ်းတင်ပါတယ် နှမလေးသိုက်နန်းဆီကို ပြန်လာမှာပါ
စိတ်မချ။ သို့သော်လည်း လူပြည်သို့အလည်သွားရမည်ဖြစ်သောကြောင့် ဝမ်းသာကြည်နူးနေသော နှမလေးအားကြည့်လျက် အစ်ကိုဖြစ်သူသိုက်စောင့်ကြီးမှာ တောင်ထားသည့် ကတိစကားများကိုသာ တည်တံ့စေရန် အကြိမ်ကြိမ်အခါခါ ထပ်မံ၍တောင်းဆို နေခဲ့ပြန်သည်။ နှမထွေးလေးအား လက်ဆွဲလျက် မဟာပထဝီမြေကြီးအတွင်းမှ မြေပြင်အပေါ်သို့ မိမိတို့၏ကမစ္ကိတ္ထိအစွမ်းများနှင့် တတ်ရောက်နေခဲ့သည်။ အစ်ကိုဖြစ်သူ သိုက်စောင့်ကြီးဦးတည်နေသည့် မိသားစုကား
ဘာနတ်လဲကွ ဘာကောင်လဲ သောက်နတ်တွေ အလကားနတ်တွေ အားလုံးကန်ချပစ်မယ်
ယောကျာ်း ရှင်ကလဲတော် မယုံကြည်ရင်အသာနေစမ်းပါ မစော်ကားပါနဲ့
ဟ … ငါစော်ကားနေတာမဟုတ်ဘူးဟ ဘာတဲ့ ကိုတော်လေးနဲ့ လက်ထပ်မှရောဂါတွေ ပျောက်မယ်ဟုတ်လား အဲ့ဒီကိုတော်လေးဆိုတာ ဘာကောင်လဲ နင့်မှာ ကာမပိုင်လင်ယောကျာ်းငါတစ်ယောက်လုံး ရှိနေတာကို အဲ့ဒီနတ်နဲ့ပေးစားရမယ်ဆိုတော့ အဲ့ဒီကောင်က ဘာနတ်လဲ ကြာကူလီနတ်လား အလကားအဓိပ္ပာယ်မရှိတာတွေ
တော်ကလဲတော် ကျုပ်လဲအယုံကြည်ရှိလို့ လိုက်သွားတာမဟုတ်တာ ရှင့်အစ်မခေါ်လို့ အားနာတာနဲ့လိုက်သွားရတာပဲ ကျွန်မလဲ အဲ့ဒီလိုဟာတွေ မယုံပါဘူး လုပ်လဲမလုပ်ဘူး
အေး … ကောင်းတယ် ဒါမှငါ့မိန်းမကွ မိန်းမ ဟိုဘက်ဘေးမှာတင်ထားတဲ့ အရက်သောက်တဲ့ နတ်စုတ်စဉ်ကို ဖျက်ပစ်မယ် ဘာလဲ ခေါင်းရင်းလဲ တင်ထားရသေးတယ် အရက်ပုလင်းနဲ့ အလကားနတ်တွေ သောက်နတ်တွေ ကြာကူလှနတ် အရက်သမားနတ် ရှိသေးတယ် ဝစီကံ ဆဲဆိုတဲ့ မိုက်ရိုင်းတဲ့နတ် အလကားဟာတွေ အရင်တုန်းကမှ အားနာပါးနာနဲ့ နတ်စဉ်ဆိုပြီးထားခဲ့သေးတယ် အခုတော့ ဒီအကြောင်းကြားလိုက်ရမှ ဒီနတ်စုတ်တွေပါ အကုန်ကန်ချပစ်မယ်
တော်ပါတော့ရှင် လူကြားပါတယ် ပြောမနေနဲ့တော့ ကျွန်မတို့လင်မယားနှစ်ယောက် အနန္ဒော အနန္ဒ ငါးပါးကိုပဲ ယုံယုံကြည်ကြည့်ကိုးကွယ်ကြတာပေါ့
အေးပါမိန်းမရယ် ငါတော်တော်လေးဒေါသထွက်သွားလို့ပါ မင်းရောအခုဘယ်လိုနေသေးလဲ
ရှင့်အသံကြားပြီး မူးနောက်နောက်ဖြစ်နေတဲ့ ခေါင်းတောင် သတ်သာသွားသလိုပဲ
ဟားဟားဟား ယောကျာ်းဟိုဘက်ရွာကနေ ဆေးဆရာသွားပင့်လာခဲ့မယ် ဆေးဆရာပေးတဲ့ ဆေးသောက်လိုက်ရင် ငါမိန်းမကောင်းသွားမှာ
ဟုတ်ပါပြီတော် ကဲကောင်းပြီး ဒါဆိုမြန်မြန်သွားခေါ် ကျွန်မလဲ ခဏလောက်နားလိုက်ဦးမယ် နေတွေလဲအရမ်းပူတယ် ခမောက်စောင်းသွားဦး
အေးပါဟ တော်ကြာ ငါ့ဟာငါနေပူထဲထွက်ပြီး ဖျားသွားရင်တောင် နတ်ကိုင်တယ်လို့အပြောမခံနိုင်ဘူး စောင်းသွားမှာစိတ်ချ ကဲမိန်းမ ဒါဆိုငါသွားပြီးသိလား
ကောင်းပါပြီတော် ကောင်းပါပြီ သြော် … ယောကျာ်း နေမဝင်မြန်မြန်ပြန်လာခဲ့နော်
အေးပါဟ
အသွင်တူ အိမ်သူများဖြစ်ကြလေသလား။ လက်တွေ့မှမမြင်ရလျင် ဘုရား၊တရားမှအပ မည်သည့်အရာတစ်ခုကိုမှ ယုံကြည်လက်ခံခြင်းမရှိသော ညားခါစ ဇနီးမောင်နှံနှစ်ဦးပင်ဖြစ်ချေသည်။ ဇနီးသည် မရွှေထားမှာ နေထိုင်မကောင်းသည်ကြောင့် နတ်သွားမေးရာမှ ကိုတော်လေးဟူသော နတ်နှင့်ပေါင်းစည်းမှသာလျင် ရောဂါများပျောက်ကင်းစေနိုင်မည်ဟု နတ်ကတော်မှဆိုခဲ့သည်။ ထိုအကြေုာင်အား ကြားသိလိုက်ရသည့် လင်ယောကျာ်းဖြစ်သူ ကိုခင်သိန်းတစ်ယောက်မှာတော့ လွန်စွာမှပင်ဒေါသကြီးစွာထွက်လျက် ငှားရမ်းနေသည့်အိမ်၌ အသင့်ရှိနေပြီးသော နတ်စဉ်များကိုပါလျင် ဖြူတ်ပစ်စေခဲ့သည်။ ဇနီးသည်ဟာ သာမာန်နေမကောင်းခြင်းသာဖြစ်မည်ဟု တွေးမိလျက် တစ်ဖက်ရွာမှ ဆေးဆရာအား ယခုနေ့မွန်းတည့်ချိန်၌ သွားရောက်ပင့်ဆောင်လေခဲ့သည်။
အိမ်ရှင်တို့ အိမ်ရှင်တို့
ဘယ်သူတွေတုန်း
ကျုပ်တို့ပါ …
ဟင် … ရှင်ကဘယ်သူလဲ
ဟာဗျာ … ကျုပ်ဘယ်သူပဲဖြစ်ဖြစ် အရေးမကြီးပါဘူး ကျုပ်အခုပြောစရာရှိလို့ ကျုပ်ညီမလေးကို ခင်ဗျားဗိုက်ထဲမှာ ခဏထားခဲ့မယ် ခင်ဗျားတို့လင်မယားနှစ်ယောက်ဆီမှာ ခဏအပ်ထားချင်လို့ပါ အဲ့ဒါကြောင့်ကျုပ်လာခဲ့တာ
ဟင် … ဘယ်လို ရှင့်ညီမလေးကို ကျွန်မဗိုက်ထဲမှာ နေခိုင်းမလို့ဟုတ်လား … အိုးတော် မဖြစ်နိုင်ပါဘူး ဒီခေတ်ကြီးထဲမှာ လူတစ်ယောက်စရိတ်ဆိုတာ နည်းတာမဟုတ်ဘူး မထားခဲ့ပါနဲ့ရှင် ရှင်ဟာရှင် ပြန်ခေါ်သွားပါ
မေမေ !… သမီး မေမေနဲ့ဖေဖေဆီမှာ နေပါရစေ သမီးကိုခေါ်ထားပေးပါနော်
ဟင် … သမီးလေး … အင်း !… ကလေးလေးကတော့ ချစ်စရာကောင်းလိုက်တာ
ဟုတ်ပါတယ်အစ်မကြီးရာ ကျုပ်ညီမလေးကို ခဏခေါ်ထားပေးပါ အကြာကြီးလဲ ကျူပ်ညီမလေးကို ခင်ဗျားတို့နဲ့ မထားခဲ့ပါဘူး ညီမလေးအသတ်(၂၀)ပြည့်တာနဲ့ ကျုပ်တို့လာပြန်ခေါ်မှာပါ
အင်း !… ကျွန်မတို့ဆီမှာ ခဏအပ်ထားခဲ့တာတော့ ဟုတ်ပါပြီး ကျွန်မလဲကလေးမလေးကို မြင်မြင်ချင်းချစ်မိနေတယ် ဒါပေမယ့် ကျွန်မတို့လင်မယားနှစ်ယောက်မှာ စားဝတ်နေရေး အခက်ခဲရှိတယ်ရှင့် ကျွန်မတို့နဲ့ကလေးမလေး ထားခဲ့မယ်ဆိုရင် ကလေးမလေးပါရောပြီး ကျွန်မတို့နဲ့ ဆင်းရဲဒဏ်ခံနေရလိမ့်မယ်
ကျုပ်သဘောပေါက်ပါတယ်ဗျာ … ကျုပ်ညီမလေးကိုလဲ ဒီအတိုင်းမထားခဲ့ပါဘူး ညီမလေးအတွက် အသက်(၂၀)အထိ ပူပင်ကျေုာင်းကြမှုမရှိအောင် ကျုပ်ခင်ဗျားတို့မိသားစုအတွက် လုံလုံလောက်လောက် စရိတ်ပေးခဲ့မှာပါ
ဒါဆိုရင်တော့ အတိုင်းအထက်အလွန်ပေါ့ရှင် စိတ်ချပါ ရှင့်ညီမလေးကို ကျွနိမတို့ကောင်းကောင်းမွန်မွန် စောင့်ရှောက်ပေးထားပါ့မယ်
ကျေးဇူးတင်ပါတယ်အစ်မကြီး ကျုပ်ညီမလေးကို နှစ်(၂၀)ပြည့်တာနဲ့ ကျုပ်ကိုယ်တိုင်လာပြန်ခေါ်ပါ့မယ်
အပျိုအရွယ်နန်းနွယ်အား မရွှေထားတစ်ယောက် မြင်တွေ့နေရသည်က ချစ်စရာကလေးမလေးတစ်ယောက် အသွင်ပင်ဖြစ်ချေသည်။ ထိုကလေးမလေးအား မြင်လျင်မြင်ချင်း မရွှေထားမှာ လွန်စွာမှပင်ချစ်မြတ်နိုးမိ၏။ ထို့ကြောင့် လာရောက်အပ်နှံသွားသည့် လူကြီး၏စကားများအား နားစိုက်ထောင်ရင်း ကလေးမလေးအား မိမိတို့ဆီ၌ ထားရစ်စေရန်သဘောတူစေခဲ့သည်။
ဟင် !… သမီး … ကလေးလေး !… ဟင် ငါအိပ်မက်မက်နေပါလား အွန်း !… ချစ်စရာကောင်းလိုက်တဲ့ ကလေးလေးရယ် တကယ်သာဖြစ်လိုက်ရင် ဘယ်လောက်ကောင်းလိုက်မလဲနော် ကိုခင်သိန်းလဲပြန်မရောက်သေးပါလား နေတောင်ဆောင်းတော့မယ်
မိန်းမရေ မိန်းမ ဒီမှာဆေးဆရာပါလာတယ်ကွ နေရာပြင်ပေးဦး
ဟုတ်ကဲ့ပါတော့် ပြင်ထားပါတယ်
ဒီမှာပဲဆရာရေ … ကျုပ်ပြောတဲ့ ကျုပ်ဇနီးချောလေး ကြာကူလီနတ်နဲ့ မပေးစားနိုင်လို့ ဆရာ့ကိုလာပင့်ရတာ
ဟုတ်ကဲ့ပါဗျ … ကျုပ်စမ်းစပ်ပေးပါ့မယ်
ကိုခင်သိန်းတစ်ယောက် တစ်ဖက်ရွာမှာ ဆေးဆရာအား သွားရောက်ပင့်စောင်စေခဲ့ပြီး ဇနီးသည်မရွှေထား၏ အဖြစ်ပျက်များအား အကြောင်းစုံပြောပြထားခဲ့သည်။ ခေတ်ပညာတတ်ဆရာဝန်သည်လည်း ထိုသို့နတ်နှုင့် ပေါင်းစည်းပေးရမည်ဟူသော အကြောင်းတို့အား လက်မခံခဲ့ချေ။ ထို့ကြောင့်အသင့်ပါလာသည့် ဆေးပစ္စည်းများနှင့် သေချာစွာစမ်းသပ်စေခဲ့ပြီး
ကဲ … ကိုခင်သိန်းရေ !… ခင်ဗျားမိန်းမကို ဘာနတ်နဲ့မှ ပေးစားစရာမလိုဘူးဗျ အခုခင်ဗျားမိန်းမမှာ ကိုယ်ဝန်သုံးလရှိနေပြီ
ဗျာ !… ဆ … ဆရာတကယ်ပြောတာလား
တကယ်ပြောတာပေါ့ဗျ ကိုယ်ဝန်ရှိလာလို့ နေလို့ထိုင်လို့ မကောင်းဖြစ်နေတာ အခုကျွန်တော်အားဆေးတစ်လုံးထိုးပေးခဲ့တယ် ခဏကြာရင် ကောင်းသွားလိမ့်မယ် ဟုတ်ပြီးလား !ကဲ !… ကောင်းကောင်းမွန်မွန် ဂရုစိုက်ဗျို့
ကျေး !… ကျေးဇူးတင်ပါတယ်ဆရာရာ ကျေးဇူးတင်ပါတယ် မိန်းမ … ငါတို့မှာ ကလေးလေးရှိနေပြီတဲ့ ငါကလေးအဖေဖြစ်ပြီးကွ ကလေးအဖေဖြစ်ပြီးးဟားဟား
ကဲကောင်းပါပြီဗျာ ကျုပ်ကိုလဲခွင့်ပြုကြပါဦး
ဟုတ် !… ဟုတ်ကဲ့ဆရာ ကျုပ်လိုက်ပို့ပေးပါ့မယ်
မပို့နဲ့တော့ ရတယ် … ခင်ဗျားမိန်းမကိုပဲ သေချာဂရုစိုက်လိုက် ကျုပ်လဲ ဟိုဘက်ရွာကို သွားရဦးမယ်
ကျေးဇူးတင်ပါတယ်ဆရာ ကျေးဇူးတင်ပါတယ်
ဒီလိုနှင့် မခင်ထားတစ်ယောက်မှာတော့ သိုက်နန်းမှလာရောက် ဝင်စားသူ နန်းနွယ်အား ကိုယ်ဝန်လွယ်ထားခဲ့ရချေသည်။ မိမိ၏အိပ်မက်အကြောင်းများအားလည်း အယုံအကြည်ကင်းမယ့်သူ တစ်ယောက်ဖြစ်သည့်အတွက် လင်ယောကျာ်းဖြစ်သူ ကိုခင်သိန်းအားလဲ အသိမပေးခဲ့ချေ။ ယခုဆိုလျင် မရွှေထားတစ်ယောက်မှာတော့ သုံးလတိတိရှိသည့် ကိုယ်ဝန်အားရရှိနေခဲ့ပြီးဖြစ်သည်။ ကိုယ်ဝန်ရရှိသည်အား လင်မယားနှစ်ယောက် သိရှိလိုက်ရသည့် အချိန်မှစတင်ကာ ကိုခင်သိန်းတစ်ယောက် မည်သည့်စီးပ္ပားရေးမဆို လွယ်ကူချောမွေ့စွာ လုပ်ကိုင်နိုင်ခဲ့ပြီး ဝင်ငွေများသည်လည်း အဖတ်ဖတ်မှ ဝင်ရောက်လာနေခဲ့သည်။ ထိုအတူ မရွှေထားတစ်ယောက် ကိုယ်ဝန်လွယ်ထားရသည့် လေးလအချိန်၌ နေအိမ်ဆီသို့ ငန်းတော်ကျား မြွေကြီးတစ်ကောင်သည်လည်း ရောက်ရှိနေခါ မည်သူ့ကိုမှ အန္တရယ်ပေးခြင်းမရှိသောကြောင့် ကိုခင်သိန်းနှင့်မရွှေထားမှာ မြွေကြီးအား နေစေခိုင်းသည်။ မရွှေထား၏ိံ လက်နှစ်ဖတ်တွင်လည်း ဝတ်ဆင်ထားခဲ့သော ရွှေလက်ကောက်များဟာ ပြည့်ကျပ်နေလျက် စီးပ္ပားရေးအခြေနေများသည်လည်း တစ်နေ့တစ်ခြားကိုယ်ဝန်ရင့်ကျက်လာသည်နှင့်မျှ အောင်မြင်ဖြစ်ထွန်းလာခဲ့ချေသည်။
သို့နှင့် ကိုယ်ဝန်ရှစ်လပြည့်သည့်နေ့၌ ထိုရွာလေးမှ လင်မယားနှစ်ဦးသား တိုင်ပင်ခဲ့ပြီး ရန်ကုန်မြို့သို့ ပြောင်းရွှေ့လာခဲ့ချေတော့သည်။ ရန်ကုန်မြို့သို့ ပြောင်းရွှေ့လာသည့်အချိန်၌လည်း မိမိတို့၏မိသားစုနှင့်အတူ ငန်းတော်ကျားမြွေကြီးမှာ လိုက်ပါလာခဲ့သေးသည်။ ကိုခင်သိန်း၏စီးပွားရေးလုပ်ငန်းများမှာ ပြိုင်ဘက်ကင်းလှပြီး စီးပွားရေးလောက၌ နာမည်တစ်လုံးဖြစ်ထွန်းနေခဲ့ချေသည်။ ဒီလိုနှင့် မရွှေထားတစ်ယောက်မှာတော့ ရင်သွေးလေးအား မွေးဖွားလာမည့် နေ့ရက်ဆီသို့ ရောက်ရှိလာခဲ့ပြီး မွေးဖွာရန်အတွက် အကောင်းဆုံးပါရဂူများနင့် ပြသစေကာ ကြာသပတေးနေ့ ည(၁၂:၀၃)မိနစ်အချိန်၌ သမီးလေးအား ကောင်းမွန်စွာမွေးဖွားလာခဲ့ချေသည်။ မီးဖွာပြီးသည်နှင့် မိခင်အပါအဝင် ရင်သွေးပါလျင် ကျန်းမာရေးကောင်းမွန်စေခဲ့သည်။ ကိုခင်သိန်းသည်လည်း သမီးလေးကိုယ်ဝန်ရှိသည့်အချိန်မှ စတင်ခါ သိသိသာသာ စီးပွားရေးပြေလည်လာခဲ့သည်ကြောင့် သမီးလေးအား လွန်စွာမှပင် ချစ်မြတ်နိုးခဲ့ပြီး ပိုးမွေးသကဲ့သို့ လူတစ်လုံးသူတစ်လုံး မွေးဖွားလာစေခဲ့သည်။
သမီးလေး(၃)လအရွယ်၌ မြွေကြီးမှာ အိပ်ပျော်နေသည့်ကလေးမလေး၏ ခေါင်းရင်း၌ ကပြင်းအားထောင်လျက် ခွေပတ်ထားခဲ့ပြီး အုပ်မိုးထားသည့်အတိုင်းရှိနေခဲ့သည်။ အပြင်မှပြန်လာသော ကိုခင်သိန်းဟာ ထိုမြင်ကွင်းအားမြင်တွေ့လိုက်ရသည်နှင့် မျက်လုံးပြူးမျက်စံပြာဖြစ်ခါ အနီးရှိတုတ်ချောင်းကြီးအားကိုင်လျက် မြွေကြီးအား ရိုက်နှပ်မောင်းထုတ်လေခဲ့သည်။ ကိုခင်သိန်း၏ သမီးလေးအပေါ် စိုးရိမ်စိတ်နှင့် မြွေကြီးအား ရိုက်နှပ်မောင်းထုတ်နေခဲ့သော်လည်း မြွေကြီးမှာ ကိုခင်သိန်းအား ပြန်လည်တုန့်ပြန်မှုမရှိပဲ လျင်မြန်စွာဖြင့် ခေါင်းရင်းထောင့်သို့သာ ဆင်းသွားခဲ့ချေသည်။
ထိုအဖြစ်ပျက်အား ဇနီးဖြစ်သူကို ပြောပြလျက် သမီးလေးအားပိုမို၍ ဂရုစိုက်စေရန် မှာကြားထားခဲ့သည်။ ထိုည၌ ကိုခင်သိန်းတစ်ယောက် အိပ်မောကျနေခဲ့စဉ် အိပ်ခန်းတံခါးအား တစ်စုံတစ်ယောက်မှ လာရောက်ခေါက်သံအား ကြားလိုက်ရသည်။ ထို့ကြောင့် အိပ်ပျော်နေရာမှာ ထလျက် အခန်းတံခါးဖွင့်လိုက်လေရာ မျက်နှာပြင်၌ ဒဏ်ရာတစ်ချို့နှင့် ခါးအားနာကျင်လွန်းသောကြောင့် ဖိလျက်ထားသော ဝတ်ဖြူစင်ကြယ် အဖိုးကြီးတစ်ယောက်အား တွေ့လိုက်ရလေသည်။ ထိုအဖိုးအိုအား မြင်တွေ့လိုက်ရသည့် ကိုခင်သိန်းမှာ လွန်စွာအံ့သြမိသည်။ ခြံစောင့်များနှင့် သေချာစွာထားစေသော မိမိ၏ခြံအတွင်းသို့ မည်သို့ပင်ဝင်ရောက်လာခဲ့ပြီး မည်သို့ပင် မိမိ၏အိပ်ခန်းအရှေ့သို့ ရောက်ရှိလာခဲ့သည်ကို မသိ ။ထို့ကြောင့်
ခင်ဗျားဘယ်သူလဲ ဘာလုပ်ဖို့ ကျုပ်အိမ်ထဲကို ဝင်လာရတာလဲ
ဘာမှမလုပ်ပါဘူးကွာ မင်းရိုက်လိုက်လို့ ငါ့မှာဒဏ်ရာတွေရထားတယ် မင်းတို့မိသားစုကို ငါဘာမှအန္တရယ်မပြုပါဘူး မမလေးကို စောင့်ရှောက်ဖို့ ငါရှိနေတာပါ
ဟင် … ခင်ဗျားဘာတွေလာပြောနေတာလဲ ဘယ်က မမလေးလဲ ဘာတွေလဲ
ဟေ့လူ ဟေ့လူ … ဟင် … ငါအိပ်မက်နေပါလား အိုးကွာ ငါ့နှယ်နော် ဘယ်လိုအိပ်မက်မျိုးပါလိမ့်
အိပ်မက်လေလား။ အယုံကြည်မရှိသည့် ကိုခင်သိန်းအဖို့ ပျော်ရွှင်စရာကောင်းသော အိပ်မက်ကိုသာလျင် မြင်မက်ခဲ့သည်ဟု တွေးတောလျက် တစ်ကိုယ်တည်းပြုံးရယ်နေမိသည်။ စိတ်ထဲ၌လည်းမထား။ မေ့မေ့ဖျောက်ဖျောက်ထားခဲ့သည်။
သမီးလေး၏ အမည်အား ဖြူဖြူထွေးဟုခေါ်တွင်စေကာ ဖြူဖွေးနူးညံ့သော အသားအရည်များနှင့် အပြစ်ကင်းစင်လှသော မျက်နှာထားလေးအား ပိုင်ဆိုင်လာခါ ယခုကျောင်းနေအရွယ် (၅)နှစ်သမီးအရွယ်သို့ ရောက်ရှိလာခဲ့ချေသည်။ ချောမောလှပသည့် မိန်းမကလေးပင်ဖြစ်စေငှာမူ ဖြူဖြူထွေးဟာ ပန်းဆိုလျင်မည်သည့်ပန်းကိုမှ မနှစ်သတ်မမြတ်နိုးခဲ့ချေ။ ကျောင်းနေအရွယ်တွင်လည်း အတန်းစာများ ထူးချွန်စေကာ အသံကြားသနား မျက်နှာမြင်ချစ်ခင်ဟူသော ဆုတောင်းတရားများ ပြည့်နေလေခဲ့သလား။ အပျိုဖော်ဝင်ချိန်၌လည်း ဆွဲမက်ဖွယ်ကောင်းလှသော အလှတရားအား ပိုင်ဆိုင်ထားစေခဲ့သည်။ သို့ပေမယ့် ဖြူဖြူထွေးဟာ မွေးရာပါ နှလုံးရောဂါရှိနေသူ တစ်ယောက်ဖြစ်ပြီး မိဘများဟာ သူမ၏ရောဂါအကြောင်းအား သိရှိလိုက်ရသည်နှင့် ရှိသမျှစည်းစိမ်များ ကုန်ဆုံးသွားပါစေ ချစ်သမီးလေးအား အစွမ်းကုန်ကုသပေးမည်ဟု ကြုံးဝါးစေခဲ့သည်။
ယခုနှစ်ဆိုလျင် သိပ်ချစ်ရသည့် နှမထွေးလေးအား ခွဲခွာနေရသည်မှာ ၁၆နှစ်တိုင်တိုင်ပြည့်နေခဲ့ပြီးဖြစ်သည်။ နေ့စဉ်နှင့်အမျှ ငိုကြွေးနေခဲ့သော နှမထွေးလေးအား မကြည့်ရက်တော့သည်ကြောင့် လူပြည့်သို့အလည်သွားရန် စေလွတ်လိုက်ရသော်လည်း နှမထွေးလေး မိမိအားခွဲခွာသွားသည့် နေ့မှစတင်ကာ လက်ချိုးရေတွက်နေခဲ့သည်မှာ ယခုနှစ်ဆိုလျင်(၁၆)နှစ်တင်းတင်းပြည့်နေပြီဖြစ်ချေသည်။
သိုက်နန်း၌ နှမထွေးလေး နန်းနွယ်၏ ရုပ်ကလာပ်ဟာ အိပ်မောကျနေခဲ့ပြီး နာမ်သာလျင် လူပြည်ဆီသို့ရောက်ရှိနေခဲ့ခြင်းပင်ဖြစ်သည်။ နမထွေးလေးအား သိုက်စောင့်ဘိုးဘိုးကြီးနှင့် စောင့်ရှောက်စေခိုင်းခဲ့ပြီး နေ့စဉ်နှင့်အမျှ နှမထွေးလေး၏ အကြောင်းများအား အစ်ကိုဖြစ်သူသိုက်စောင့်ကြီးမှာ နားစွင့်နေခဲ့လေသည်။ (၁၆)နှစ်တိုင်တိုင်နှမထွေလေးအား လွမ်းဆွတ်နေခဲ့ရပြီး မိမိတို့၏သိုက်နန်းဆီသို့ နှမလေး ပြန်ရောက်ခါနီးဖြစ်ပြီသောကြောင့် သတိပေးရန်အလိုငှာ အစ်ကို့ဖြစ်သူ သိုက်စောင့်ကြီးမှာတော့ ယနေ့၌ မိမိကိုယ်တိုင် ခေတ္တဟုအပ်နှံထားခဲ့သော မရွှေထားဆီသို့ သွားရောက်သတိပေးရန် ကြံရွယ်ထားလေခဲ့သည်။
****
ကျန်ရှိနေသော အဆက်အား ဒုတိယပိုင်း၌ ဆက်လက်ဖတ်ရှု့ပါရန် လေးစားစွာဖြင့် … …
စာရေးသူ-ထီးကလေး
(ရင်နှင့်ရင်း၍ရေးသားသည်)
စာပေလောက ဆိုင်များဖြစ်ကြသော (မြောက်ဥက္ကလာ၊ တောင်ဥက္ကလာ၊ ကျောက်မြောင်း၊ ရန်ကင်း၊ လှည်းတန်း၊ ပန်းဆိုးတန်း၊ Junction City)၊ ရာပြည့် (ပန်းဆိုးတန်း)၊ အင်းဝ (လှည်းတန်း၊ ပန်းဆိုးတန်း)
ဆိုင်သို့မသွားချင်သူများ အိမ်အရောက် ပို့ဆောင်ပေးသွားမည်ဖြစ်ပါသည်။ ဆက်သွယ်မှာယူရန် ဖုန်း ၀၉ ၇၉၆ ၁၆၉ ၄၈၀။
ထွက်ရှိပြီးသော စာအုပ်များ
-လူသားစားတဲ့ ဆေးရုံကြီး။
-လူသားစားတဲ့ တည်းခိုအိမ်ကြီး (ပ)
-လူသားစားတဲ့ တည်းခိုအိမ်ကြီး (ဒု)
-နှစ်၁၀၀ကျိန်စာသင့် အိမ်ကြီး။
-သင်္ချိုင်းပိုင်တဲ့ မဖဲဝါ။
-လင်းမြွေကြီးနှင့် မိန်းမပျို
ထွက်ရှိပြီးသော စာအုပ်များအားလည်း အထက်ပါ လိပ်စာအတိုင်း ဝယ်ယူနိုင်ပြီဖြစ်ပါသည်။
No comments:
Post a Comment